Monday, April 9, 2007

သြော်... ဘာလိုလိုနဲ့ သင်္ကြန်တောင်ရောက်တော့မှာပါလား။ ကျွန်တော့် ရင်ထဲမှာ ဒီနှစ်မှ တစ်မျိုးတစ်မည် ခံစားနေရတယ်။ ကျွန်တော်ကိုယ်တိုင်တောင် အံ့သြယူရပါတယ်။ နှစ်စဉ် သင်္ကြမရောက်ခင်ကတည်းက အရမ်းတက်ကြွတဲ့ ကျွန်တော်၊ အရမ်းပျော်ချင်တဲ့ကျွန်တော်က ဒီနှစ်မှာ သိပ်စိတ်မပါသလို ဖြစ်နေတယ်။ သူငယ်ချင်းတွေနဲ့လည်း သိပ်မတွေ့ဖြစ်တော့ လည်မဲ့လူက သိပ်မရှိဘူးဖြစ်နေတယ်။ ကျွန်တော့ အသက် ၂၂ နှစ်ပါ။ မကြီးသေးဘူးဆိုပေမဲ့ မငယ်တော့တဲ့အရွယ်ပါ။ အရင်ကသူငယ်ချင်းတွေနဲ့ ဘယ်လောက်သွားသွား မပင်ပန်းတဲ့ကျွန်တော်က သူတို့ဆီသွားရမှာတောင် ပင်ပန်းတယ်ထင်နေပါတယ်။ အေးအေးဆေးဆေးနေပြီး ရှေ့ရေးကိုပဲစဉ်းစားနေမိတယ်။ ကျွန်တော့်ဘ၀ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ စဉ်းစားနေမိတယ်။ ကျွန်တော်ယခုအချိန်အထိ အလုပ်ကို ကောင်းကောင်း မလုပ်ဖူးသေးပါဘူး။ ကျွန်တော်ဘ၀က မတောင့်မတ မကြောင့်မကျ နေရတယ်ဆိုပေမဲ့ ကျွန်တော် ဘ၀င်မကျနိုင်သေးပါဘူး။ ဘယ်သူ့ကိုမှ မမှီခိုပဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကြားထဲမှာ မျက်နှာငယ်ရတဲ့သူမဖြစ်ချင်ဘူး။ ပြန်တွေ့လို့မှ သူငယ်ချင်းရေ လို့မခေါ်ဝံ့သူ ဖြစ်မှာကြောက်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ပြည့်ပြည့်စုံစုံနဲ့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ နေခဲ့ရသူဆိုတော့ ဆင်းရဲမှာကိုကြောက်တယ်။ လောကဓံရဲ့ ကြည်စယ်မှုတွေကိုကြောက်တယ်။ ဒါတွေကို ကျွန်တော်လုံးဝ အမြစ်ပြတ်အောင် မတွန်းလှန်နိုင်တာကို သိပါတယ်။ ဒါပေမဲ့ ကြုံတွေ့လာခဲ့ရင် ကျွန်တော့မှာ တောင့်ခံနိုင်ရမဲ့ စွမ်းအားတွေ၊ အတွေအကြုံတွေ၊ အပူတွေဝေမျှယူပေးမဲ့ မိသားစုတွေ ကျွန်တော်လိုအပ်ပါတယ်။ ကျွန်တော်တရားလက်လွတ် မဆိုချင်ပါဘူး။ ဒါပေမဲ့ အေးချမ်းသာယာပြီး တည်ငြိမ်တဲ့ ဘ၀တစ်ခုကိုတော့ ကျွန်တော် တည်ဆောက်နိုင်ချင်ပါတယ်။ ဒီလိုအတွေးတွေ၊ ခံစားချက်တွေ ခုမှဝင်လာတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ ပြင်းထန်လာတာတော့ သိပ်မကြာသေးပါဘူး။ ဒီခံစားချက်တွေကြောင့်ပဲထင်တယ် အခုတစ်လော ကျွန်တော် သိပ်ဒေါသထွက်လွယ်တာပဲ။ သည်းခံချင်စိတ်လည်း ပျောက်ဆုံးနေတယ်။ စိတ်ညစ်ရတာလဲ ခဏခဏပါပဲ။ ကျွန်တော့ကိုနားလည်ပြီး သည်းခံပြီး အပူအပင်တွေကို ဖြေဖျောက်ပေးမဲ့သူကလည်း မရှိဘူး။ ကိုယ်စိတ်ကို ကိုယ်ကိုတိုင်ကပဲ ဖြေဖျောက်နေရတယ်။ ကျွန်တော့် ချစ်သူကလည်း ကလေးပဲဆန်နေပြီး ကျွန်တော့စိတ်ကို သိပ်နားမလည်ဘူး။ သူ့ကြောင့် စိတ်ညစ်ရတာတွေလည်း ရှိတယ်။ သူ့ကြောင့် ပျော်ရတာတွေလည်း ရှိတယ်။ ဒီလိုအပူတွေကြောင့် ကျွန်တော် သင်္ကြန်ကို သိပ်စိတ်မ၀င်စားနိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အယူအရ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ မပါလာအောင် အတာရေနဲ့ ဆေးကြောတယ်တဲ့။ ကျွန်တော်လည်းကျွန်တော့ ရဲ့စိတ်အညစ်အကြေးတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့နိုင်အောင်၊ ပြီးတော့ ကျွန်တော့ရည်မှန်းချက်တွေကို အောင်မြင်ပြီးမြောက်အောင် ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်။ ကျွန်တော့် နည်းတူ စိတ်အညစ်အကြေးတွေ ရှိသူများလည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဆင်နွဲရင်း ပျော်ရွှင်နိုင်ပါစေလို့.......................။

1 comments:

ဇူးဇင် said...

Happy new year to u.
Dear Sir,
I also want to use myanmar font in my blog.I don't know how to do.
So can u give me some advice how to do?
Thz in advance.