Saturday, March 10, 2007

စစ်တန်မှာ ငယ်ငယ်က သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူ့ဟာနဲ့သူ ဆိုးကြတာချည်းပဲ။ တချို့ကျတော့ မျက်နှာပြောင်ကြတာပေါ့။ အဲ့ဒီထဲမှာ ကျော်နိုင်ဦးဆိုတဲ့ ကောင်ဆိုရင် ဆိုးလွန်းလို့ ဆရာမက ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီး ဘောင်းဘီချွတ်ထားရတဲ့အထိ။

ငြိမ်းချမ်းအောင်ဆိုတဲ့ကောင်က လက်ညှိုးထောင်ပြီး စာအုပ်လှည့်ဆော့လွန်းလို့ ကျောင်းရှေ့မှာ တစ်နေကုန် ဒူးထောက်တဲ့ဒဏ် ခတ်တာခံလိုက်ရတယ်။ နောက်တစ်ယောက်က မြင့်ဌေးအောင်။ မျက်နှာပြောင်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။
အခု နောက်ဆုံးပြောပြမဲ့တစ်ယောက်က မရှိ ရှိတာကို ကြွားတတ်တဲ့ `ဇော်သူ´ ဆိုတဲ့ သူငယ်ချင်းအကြောင်း။ ဘယ်လောက်တောင် ကြွားသလဲဆိုရင် တစ်နေ့ သူ့ကို တောင်ကြီးခေါ်သွားလည်တာ။ တန်ဆောင်တိုင်ပေါ့။
အဲ့ဒီမှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာပေါ့။ ဇော်သူက ကျွန်တော့ဘေးနားမှာ ထိုင်တာပေါ့။ အဲ့ဒီမှာစကားပြောရင်း ပြောရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ဇော်သူ့ကိုမေးတာပေါ့။
`အစ်ကိုက ကျောင်းပြီးသွားပြီလား´
`ဟုတ်ကဲ့´
တကယ်တော့ ဘုန်းကြီးကျောင်းထွက်။ မရှိ ရှိတာ ကြွားတတ်တာ ပြောပါတယ်။
`ဘာမေဂျာနဲ့လဲ´
`ဗုဒ္မဘာသာနဲ့´
လုပ်ပုံ။ မရှိတာလေးကို။ သူ့စကားကြားတော့ ကျွန်တော့သူငယ်ချင်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ပြီးမှ.......
`မဟုတ်ဘူးလေ အစ်ကို။ ဘာ အဓိကဘာသာနဲ့ ကျောင်းပြီးတာတုန်းလို့´
ဇော်သူရဲ့စကားကြောင့် ကျွန်တော်တောင်မအောင့်နိုင်ပဲ အော်ရယ်လိုက်မိတယ်။ သူပြောပုံက.........
`ပရိတ်ကြီး ၁၁ သုတ်နဲ့ ပြီးတာလေ´ ဟူသတတ်။

စိုင်းဥာဏ်လင်းဟန်(မိုးနဲ)

ရယ် / ချစ်သူ-၈၃၃၄


မှတ်ချက်။ ။ ရယ်စရာမဂ္ဂဇင်း အမှတ် ၁၆ ၊ မတ်လ ၊ ၂၀၀၇ ........... တွင်ပါသော ရယ်စရာချစ်သူတွေ ရေးသော ၀တ္တုတိုတွေထဲမှ တင်ပြခြင်းဖြစ်ပါတယ်။

0 comments: